ဈာပန

“ဈာပန”


သူမကလေ…
သူ့ အားထားရက်ခဲ့တဲ့အပြင်
မျှော်လင့်ခြင်းတွေကိုပါ
တပါတည်းယူဆောင်သွားရက်သူပါ။

တရားမျှတပါရဲ့ လား
လောကကြီးရေ…
ဒါဟာ… ထာဝရဘုရားသခင်ရဲ့
အလိုတော်အတိုင်းဆိုရင်တောင်မှ
သူမရဲ့ မွေးနေ့ တိုင်းမှာ
နောင်နှစ်ပေါင်း ၁၂၀တိုင်စေသော်လို့
ဆုတောင်းနေကြ
ကောင်ငယ်လေး ဆန္ဒကိုတော့
မျက်ကွယ်မပြုသင့်ပါ။

ဝန်ခံပါရစေတော့
သူ မငိုတတ်ပေမယ့်
အဲဒီကာလ လူပုံအလယ်မှာ
မျက်ရည်ကျခဲ့ရတယ်။

သူမအတွက်ရယ်…
နောက်ပြီး…
သူ့ဆုတောင်းတွေမှာ
မေတ္တာဓါတ်များနဲခဲ့လေလို့ လားဆိုပြီးပေါ့။

"ရိုးမြေကျ" ဆိုတဲ့ခက်ဆစ်ကို
သင်အံစမှာပဲ
ဘဝဇါတ်ဆရာအလိုကျ
တမျက်နှာလှပ်ကာ
ကြယ်ကြွေညကို
လေ့ကျက်ခဲ့ရသူပါ။

အိမ်မက်တွေထဲမှာတောင်မှ
ကိုယ်တော်သာ ဒုတိယံမိ
သနားသမှုကို ပြုမယ်ဆိုရင်လေ
သူမရဲ့ အသစ်တဖန်ပြန်လည်
မွေးဖွားခြင်းအတွက်
နံရိုးသက်သက် တင်မက
သူ့ နှလုံးသားကိုပါ အသင့်စတေးထားတယ်။

ဝမ်းနည်းပက်လက် သူမအတွက်
ငိုကြွေးနေကြတဲ့ ပန်းပွင့်တွေရဲ့
ပွင့်လွှာချပ်တွေ ကြွေအကျမှာ
သံဝေဂ ကို သတိရပေမယ့်
ရင်ထဲမှာတော့
ယနေ့ တိုင်ချိမဆုံးပါဘူး။

အုတ်ဂူဖြူငယ် ထက်က
နောက်ဆုံးနှုတ်ဆက်ခြင်း
နှင်းဆီနက်တွေ နှင့်အတူ
သူ့ ဝိညဉ်တွေပါ
သူမထံပါးမှ ခွါမရတော့ပါ

ထာဝရ နားခိုရာ
မြင့်မြတ်သော နေရာလပ်ဆီသို့
သူ့ ခန္ဓာကိုယ် ဖြင့်အုပ်မိုးရင်း
ဆုတောင်းခြင်း တချို့ က
မုတ်သုန် စုတ်ချက်ကြမ်းကြမ်းတွေနဲ့ အတူ
မိုးရွာတာ ရပ်လိုက်စမ်းပါ့
…မိုးဒေ…အာကာ...။

Comments

ကဗျာလေးတစ်ပုဒ်လုံးကို ကြိုက်မိတယ်.စာသားလေးတွေကတော်တော်ထိတယ်.နောက်ထပ်များများရေးဦးနော်.

Popular Posts