သင်းကွဲဝံပုလွေ တစ်ကောင်ရဲ့ တန်ဒြာည

"သင်းကွဲဝံပုလွေ တစ်ကောင်ရဲ့ တန်ဒြာည"


သူတလူ ငါတမင်း
အချင်းချင်း ဘယ်လိုပဲ
စစ်ခင်း စစ်ခင်း...
ဒီမြေပေါ်မှာ
ငါတို့ ရဲ့
ချစ်ခြင်းတွေရှိတယ်။

သွေးစွန်းနေဆဲ
အဖိနှိပ်ခံ နေ့ ရက်တွေထဲက
လွတ်မြောက်ဖို့ အတွက်
ညီညွတ်စွာတိုက်ပွဲဝင်ခဲ့တဲ့
သူတို့ လက်တွေ
ဒါပေမယ့်...
သွေးစက်တွေနဲ့ လေ။

အမှန်တရားကိုရှာဖွေရင်း
အမှားများစွာကြူးလွန်ခဲ့သူအတွက်
ကြင်နာစွာထွေးပိုက်မယ့်
ရင်ခွင်တနေရာတော့
ကမ္ဘာမြေပေါ်မှာ
ရှိနိုင်ကောင်းစရာ။

အပြာရောင်ညရဲ့
လွတ်လပ်တဲ့ အရသာကို
အပြည့်အဝ ခံစားရင်း
မွန်းကျပ်တဲ့ မြို့ ပြညများထဲ
ရှင်သန်နေဆဲ မျိုးနွယ်စုတွေအတွက်
စိတ်မကောင်းရုံမှတပါး
နှင်းတောထဲမှ
တဦးတည်းသောငါကကော...
ဘာများတတ်နိုင်ခဲ့မှာလဲ။

တိုက်ပွဲရဲ့ စနက်
ခုံမင်စွာသွေးသောက်တတ်ခဲ့တဲ့
ပါးစပ်တွေအတွက်တော့
ကိုယ်ထူကိုယ်ထ
ငါတို့ ရှက်တတ်ကြရမယ်။

ဟင်္သာကိုးသောင်းဇာတ်ကို
မ"က"ရက်လို့
တိတ်ဆိတ်စွာ
သင်းခွဲ နှုတ်ထွက်ခဲ့ချိန်မှာ
ပုဒ်မများစွာ
အတပ်ခံခဲ့ရတဲ့...
နှင်းတောထဲက
သင်းကွဲ ဝံပုလွေရိုင်းတကောင်
သူ့ အသွေးအသား
အမွှေးဖျားထိ
ဆွတ်ဆွတ်အဖြူရောင်
အပြာညကို...
လွှမ်းခြုံလျက်။

Comments

အသစ်တွေကို မျှော်လျှက်ပါ။ ခံစားသွားတယ်။
ကဗျာလေးလာဖတ်သွားပါတယ်။ ဝတ္ထုအဆက်လေးလုပ်ပါအုံး.. မင်းသားနဲ့ မင်းသမီးက ဇာတ်ပေါင်းသွားပြီလား

Popular Posts