သံယောဇဉ် ခရေပင်တန်း




အမှတ်တမဲ့(၁)


မိုးရွာလျှင် ပျော်သည်၊ စိတ်ပျော်သည်။ မိုးအေးအေး ကလေးဖြင့် ကွေးနေရလျှင် ပို၍ပျော်သည်၊ အိပ်ပျော်သည်။ "ဒေါင်" "ဒေါင်" "ဒေါင်" "ဒေါင်" "ဒေါင်" "ဒေါင်" "ဒေါင်" "ဒေါင်" ကမ္ဘာ့အကြီးဆုံး နူးကလီးယား အသံနက်ဗုံး ၁လုံးကို အိမ်ရှိ တိုင်ကပ်နာရီစုတ်ကြီးက မွေးထုတ်ပေးလိုက်သည်။ အပျော်များ ရာသီဥတု မကောင်းသည့်ကြားက ဟိုးမိုးကုတ်စက်ဝိုင်း ဆီသို့ အလုအယက် ပျံသန်းသွားကြပြီ။ ကစဉ်ကလျား ပွင့်သွားသော မျက်ဝန်းအစုံကို အနီရောင် မဟုတ်သော ပြက္ခဒိန်၏ ရက် ၁ ရက်က ကြိုလင့်နေ၏။...သွားပါပြီ...ဒီမနက် ကျောင်းတက်ရ ဦးမည်။ ဒီနေ့ ကျောင်းတွင် အတန်းခေါင်းဆောင် နှင့် တာဝန်ခံ ၂ ဦးရွေးရန် ရှိသည်။ မိုးကား စဲနေလေပြီ သို့သော် ကျောင်းမတက်ချင်။(ငြိမ်သက်)


ငြိမ်သက်ခြင်း မရှိသော ကမ္ဘာကြီးကို စိတ်ပျက်မိ၏။ ထို့ထက် ငြိမ်သက် ဆိုသော သတ္တ၀ါကို ပို၍ စိတ်ပျက်သည်။ ဒီကောင် လာပြီး ပတ်သက်တိုင်း ကျနော့် ကမ္ဘာပျက် တော့သည်။ အရာရာတိုင်း အနိုင်လိုချင်သည်မှာ ကျနော့် အားနည်းချက်၊ ဒါကို သိနေသည်က ဒီကောင့် အားသာချက် ကဲ...ကံကြမ္မာ ဘာများတတ်နိုင် မလဲဗျာ။ ပြီးခဲ့သည့် အပတ် သောကြာနေ့ ကလည်း ဒီကောင် လူလည်လုပ် သွားသည်။ ကျနော့် ကို စိန်ခေါ်ခြင်း အချွန်နဲ့ မခဲ့ပြီး တဖက်တွင် ၁တန်းလုံးကို ကျနော့်အား မဲပေးရန် စည်းရုံးသွားသည်။ ဘာအကြံအစည် မှန်းတော့မသိ၊ မျက်ခုံးတော့ ခပ်လှုပ်လှုပ် ပင်။ ဒီကောင် အမြဲတန်း အရှုံးပေးပြီး အနိုင်ယူတတ်သည်က များ၏။အင်း...ဒီအတိုင်းဆို အတန်းခေါင်းဆောင်ဖြစ်မှာ ကျိန်းသေ နေပြီ သို့သော် စိတ်ပျက်မိ၏။ ငြိမ်သက် ဇာတ်မှာ မင်းသား ဖြစ်သောကြောင့်...(မင်းလုလင်)


သဲသဲမဲမဲ ရွာသွန်းနေသော မိုးစက်မှုန်များကြားသို့ သူမ၏ စိတ်အစဉ် ဖြန့်ကျက် နေမိသည်။ ဒီနေ့ သူမတို့ အခန်းထဲတွင် အတန်းခေါင်းဆောင် နှင့် တာဝန်ခံ ၂ ဦးရွေးရန် ရှိသည်။ ကျောင်းသူခေါင်းဆောင် လုပ်ရန် ဆန္ဒပြင်းပြလျက် ရှိသည်၊ သူငယ်ချင်း အများကလည်း ထောက်ခံကြသည်။ မသေချာတဲ့ လောကကြီးမှာ ကန့်ကွက်မဲမရှိ အနိုင်ရချင်သည်မှာ လူသားဆန်လွန်းခြင်းကြောင့်ဟု သူမ ထင်၏။ ဘာပဲဖြစ်ဖြစ် မိမိကိုယ်ကို ယုံကြည်သည်။ အလှဆုံး၊ အယဉ်ဆုံး ပြင်ဆင်ကာ ကျောင်းစောစော သွားရမည်။ ခေါင်းဆောင်ကောင်း တယောက် ဖြစ်ချင်လှ၏။ အမှန်ဆိုလျှင်ဖြင့် အနည်းငယ်တော့ စိတ်လှုပ်ရှားလျက်...(တင့်ကွန်းခို)


အမှတ်တမဲ့(၂)


မိုးဖွဲလေးများ အောက်တွင်အမိကျောင်းတော်ကြီး ခန့်ညားစွာ သက်ဝင်လှုပ်ရှားလျက် ရှိ၏။ တူညီဝတ်စုံ ဆင်မြန်းကာ သွားလာလှုပ်ရှားနေသော ကျောင်းသူ၊ ကျောင်းသား၊ ဆရာ၊ ဆရာမများ နှင့် စိမ်းစိုလန်းဆန်းနေသော ၀န်းကျင်ကို ယှဉ်တွဲတွေ့မြင်ရသည်မှာ ကျက်သရေ ရှိလှပေသည်။ အချိန်ကား ကုန်လျက်၊ နာရီကား တရွေ့ရွေ့သွားလျက်..."ကလင်"၊ "ကလင်" "ကလင်"၊ "ကလင်" "ကလင်"၊ "ကလင်" "ကလင်"၊ "ကလင်" "ကလင်"၊ "ကလင်" "ကလင်"၊ "ကလင်" "ကလင်"၊ "ကလင်"
၉ နာရီထိုး ကျောင်းတက်ခဲ့လေပြီ။


"ကဲ...သားတို့၊သမီးတို့ရေ အတန်းခေါင်းဆောင်နဲ့ တာဝန်ခံ ၂ ဦး စရွေးလိုက်ကြရအောင်။ အရင်ဆုံး အတန်းခေါင်းဆောင် ရွေးမယ်၊ လွတ်လပ်စွာ မဲပေးပိုင်ခွင့် ရှိတယ်နော်။" ဆရာမ စကားအဆုံးမှာ ကျောင်းသားများ အားလုံး ၀ရုန်းသုန်းကား မဲပေးကြတော့သည်။အဖြေကား ထောက်ခံမဲ ၅၈ မဲ၊ ကန့်ကွက်မဲ ၂ မဲဖြင့် ကျနော်မင်းလုက အတန်းခေါင်းဆောင် ဖြစ်သွားခဲ့သည်။ ကန့်ကွက်မဲ မရှိဖြင့် ကျောင်းသားတာဝန်ခံ အဖြစ် ငြိမ်သက်၊ ထောက်ခံမဲ ၅၉ မဲ၊ ကန့်ကွက်မဲ ၁ မဲဖြင့် ကျောင်းသူတာဝန်ခံ အဖြစ် တင့်ကွန်းခို ရရှိခဲ့သည်။ နည်းလှစွာသော ကန့်ကွက်မဲပိုင်ရှင်များကို ၁ ခန်းလုံး စိတ်ဝင်စားလျက် ရှိသည်။



I T ခေတ်ဦးပိုင်း ပေမယ့် မီဒီယာများ ကောင်းလွန်းလှသည်။ ၃ မိနစ်အတွင်း မဲရှင်များကို သိရ၏။ အတန်းခေါင်းဆောင် အတွက် ကန့်ကွက်မဲ ပေးသူမှာ ကျနော် ကိုယ်တိုင် နှင့် ငြိမ်သက် ဖြစ်ပြီး၊ ကျောင်းသူ တာဝန်ခံ အား ကန့်ကွက်မဲ ပေးသူမှာလည်း ငြိမ်သက် ပင်ဖြစ်သည်။ ဒီအတွက် ငြိမ်သက်၏ ဆင်ခြေကို ၁ ခန်းလုံးထက် ပိုမိုသိချင်နေသူ ၁ ဦးကား... ကျောင်းသူလေး...တင့်ကွန်းခိုပင်။


"ကလင်" "မင်္ဂလာပါကွယ်" "မင်္ဂလာပါ ဆရာမ။ ကျေးဇူးတင်ပါတယ် ဆရာမ"
စာသင်ချိန် အပြောင်းမှာ ပွဲစလေပြီ။
ကျနော်ကိုယ်တိုင် အဖွင့်စကားလေး ချီးမြှင့်ကာ ဖဲကြိုးဖြတ်ပေး လိုက်၏။
"ငြိမ်သက်...မင်းရဲ့ အတွေးအခေါ် နဲ့ ဆုံးဖြတ်ချက် ဖြစ်ပေါ်လာပုံလေးကို ဖြစ်နိုင်မယ်ဆိုရင် ငါ့နောက်တန်းက "အမ"လေး က သိပါရစေတဲ့ "
"မင်း...လု၊ ငါ့ဒေါသတွေ နင့်ကိုပါ ဖြတ်သွား မိလိမ့်မယ်နော်"
ကွန်းခို၏ ဒေါသဖြင့် ဆိုစကား။


အမှတ်တမဲ့(၃)


"မင်းလု ကို ကန့်ကွက်မဲ ပေးတာက စေတနာကို စော်ကားလို့။သူ ငါ့ကို အရွဲ့တိုက်ချင်တာ နဲ့ ငါ့စေတနာ၊ ၁တန်းလုံးရဲ့ စေတနာကိုတွေကို ထည့်မတွက်ပဲ သူ့ကိုယ်သူ ရူးကြောင်ကြောင် ကန့်ကွက်မဲ ထည့်လို့"
"မင်းစေတနာ ကြောက်လွန်းလို့ပါ ငြိမ်သက်ရာ"



"ငါပေးတဲ့ နောက်ကန့်ကွက်မဲ ၁မဲက မရေရာတဲ့ မနက်ဖြန်တိုင်းကို အသေအချာတွက်ကာ ပြင်ဆင်မှုဗလပွနဲ့ ဖြတ်သန်းမယ့် ကွန်းခိုရဲ့ ခေါင်းဆောင်မှုအောက်က ကျောင်းသူလေးတွေရဲ့ ဒုက္ခကို စာနာမိလို့ပါ"
ငြိမ်သက်၏ စကားအဆုံး ၁ ခန်းလုံး ရယ်မိလိုက် ကြသည်။ဝိုးတ၀ါး အသံများကြားမှ ငြိမ်သက်၏ ကျောပြင်ကို စူးစိုက်ကြည့်နေသော ဒေါသတွေ၊ မျက်ရည်တွေနှင့် လှသောမျက်နှာလေးတခုကို ပီသစွာ မြင်တွေလိုက်သည်။ စိတ်မကောင်းစွာ သူမ နည်းတူ သူလိုက်၍ ကြည့်မိလိုက်သည်။ "သြော်... ငြိမ်သက်၊ အတော် တွေးရခက်တဲ့ကောင်"


အချိန်ကာလရဲ့ စေစားမှုအရ အမိကျောင်းတော်ကြီးနှင့် တညတာခွဲခွာ ရအုံးမည်။ကျောင်းဆင်းလေပြီ သို့သော် အိမ်မပြန်ရသေး။ မနက်ဖန် ကျင်းပမည့် မောင်မယ်သစ်လွင် ကြိုဆိုပွဲ အတွက် အားခြင်းစီစဉ်နေရ၍ ဖြစ်၏။ ၄ နာရီထိုးသည့်တိုင်အောင် မပြီးပြတ်သေး။ ဘယ်အရာမဆို သူများထက်ပိုသာချင်သော ကျွန်တော်နှင့် အရာတိုင်းတွင် သေချာချင်လွန်းသော ကွန်းခို၏ ပြင်ဆင်မှုများက နာရီများကို ပေါ့ပေါ့ပါးပါး တိုက်စားသွားသည်။ ၅ နာရီထိုးသောအခါ ငြိမ်သက် ညစ်နေလေပြီ။ ကွန်းခိုကလည်း ပိုရွဲ့ကာ အေးအေးဆေးဆေး လုပ်ပြနေ၏။ သို့သော် သူတို့နှစ်ဦး အသံမထွက်၊ ကြားက ကျနော်သာ အနေရ ခက်လာသည်။


အမှတ်တမဲ့(၄)


"ကဲ ကွန်းခိုရေ မပြီးပြတ်နိုင်တဲ့ နင့်ရဲ့ပြင်ဆင်မှုတွေကို လက်စသတ်လိုက်တော့ဟာ ၅ နာရီခွဲနေပြီ။"
"မင်းလု"... "နင်နော်... ငြိမ်သက်လေတိုင်း လိုက်မပြောနဲ့"
သူမ ၁ နေ့လုံးထိန်းထားသမျှဒေါသ ပွင့်ကျသွား၏။ ထိန်းသိမ်းခြင်းငှာ မစွမ်းနိုင်တော့။
မရည်ရွယ်ပဲ ကျနော်စကားမှားသွားသည်။ သို့သော်ပြင်ဆင်ချိန်မရလိုက် သူမ မျက်ဝန်းမှ ပါးပြင်တလျှောက် စီးကျလာသော မျက်ရည်များကို မတားစီးနိုင်တော့။
ငိုပါစေ... ငိုပါစေတော့... သူမ ၁ နေ့လုံးထိန်းချုပ်ခဲ့ ရသည်လေ။


အမြန်လက်စသိမ်းကာ အပြီးသက် လိုက်သည်။ သို့သော် သူမငိုဆဲ...
"မင်းလု... ငါကျောင်းထိပ်က စောင့်နေမယ်။ ကွန်းခို နင်ကလည်း ခွင့်လွတ်လိုက်ပါဟာ... မင်းလုက စေတနာနဲ့ပြောတာပါ။ ကဲ.. ကဲ.. နောက်ကလိုက်ခဲ့ကြ "
ပြောချင်ရာပြောပြီး ထွက်သွားသော ငြိမ်သက်စကား အတွက် ကျနော် ဝေခွဲခက်ခဲ့သည်။
"ကွန်းခို နင်ငါ့ကိုစိတ်ဆိုးနေတာလား"
"မင်းလု နင် တော် တော် တုံးတဲ့ အကောင်၊ ငြိမ်သက် ငလည်က သူ့အပြစ်မကျအောင် ငါတို့ကိုရန်လှည့်တိုက်သွားတာ ဟဲ့"
"သြော် ပိုင်ဘကွာ ငြိမ်သက်ရာ"
"ကဲ ...ယောက်ဖကို ချီမွမ်းမနေ နဲ့ ကိုတော် ပြန်ကြမယ်"


ငြူစူစူ မျက်နှာထား နှင့် ပြောပေမယ့် ဒေါသကင်းစင် နေပြီဖြစ်သော ငိုပြီးစ မျက်နှာကလေးကို တွေ့လိုက်ရသည်။ ပျော်မိ၏။ စိတ်ထဲတွင်ထက်မံ ချီမွမ်းလိုက်သည် ငြိမ်သက်တော်၏။


အမြဲရှုတည်တည်နဲ့ နေတတ်ပြီ လိုအပ်မှုပြုံးရယ်လေ့ရှိသော မျက်နှာထား ဖြင့် သူမအား ကျောင်းပေါက်ဝမှ ကြိုလင့်နေသည့် သူငယ်ချင်းဆိုးလေး ငြိမ်သက်။ လက်ထဲမှာလဲ ၀က်သားပေါက်စီလေးလုံးနဲ့ ၊ ဟင်... တတ်လဲတတ်နိုင်တဲ့ ငြိမ်သက်၊ လုပ်ချင်တာလုပ်ပြီးရင် အကြိုက်နဲ့ ချော့တက်သည့် ချစ်စရာ အကျင့်ကောင်းလေး တစ်ခုတော့ရှိ၏။ အော်... ကွန်းခိုချစ်ရပါသည်။

ကွန်းခိုနားမှာ သူခြေစုံလာရပ်ရင်း "မနက်က ငါစတာလွန်သွားရင် ခွင့်လွတ်ပါဟာ နင်တို့ကို မချောမွေ့တက်တဲ့ လောကအကြောင်း အမြည်းပေးရုံလေးပါ"ဟု၊ သူပြုံးစစဆိုလာ၏။
"သွာသေဟာ နင်တို့နှစ်ယောက်ကိုစိတ်ဆိုးလဲ အပိုပဲမို့ ငါ ဘေးမဲ့ပေးထားတာကြာခဲ့ပြီ။ ပေးပေါက်စီ... ငါ ၂ လုံးစားမယ် ငိုးထားရလို့ ဗိုက်ဆာနေပြီ "



အမှတ်တမဲ့(၅)


ဟန်ဆောင်မှုကင်းစွာဖြင့် ပေါက်စီနှစ်လုံးကို တပြိုင်နက် နှစ်ချိုက်စွာစားနေသော သူငယ်ချင်းမလေးကို ငြိမ်သက် မြတ်မြတ်နိုးနိုး ကြည့်နေလိုက်မိသည်။
လှလိုက်တာကွန်းခိုရယ်...သူမပျော်ရင်သူပျော်တတ်ခဲ့ပြီ။
"ရော့ မင်းလု ကောင်းကောင်းစား ၊ ၀က်သားပေါက်စီ ၂ လုံး တပြိုင်နက်စား နင်သေတယ်ဆိုပြီး ကျော်မကောင်းကြားမကောင်းဖြစ်နေမယ်"ဟု ကျနော့်ကို ပေါက်စီကမ်းပေးရင်း သူ ကွန်းခိုအား ကြည်နူးစွာ ထပ်စနေလေသည်။

"ကောင်စုတ်တွေနော်..."

မျက်နှာပြောင်ကာ ပေါက်စီ လှမ်းယူလိုက်သော ကျနော်နှင့် ငြိမ်သက်၏ ကျောပြင်တွေအပေါ် သူမ၏ရှက်ရမ်း လက်သီးနုလေးများ အဆုပ်လိုက်၊ အဆုပ်လိုက် ပွင်ကျလာသည်။ ကျေနပ်စွာခံယူရင်း ပြိုင်တူရယ်မောလိုက်ကြသည်။ သူတို့ သုံးဦး၏ စသံ၊ ဆိုသံ၊ ရယ်သံ ကလေးများနှင့် သင်းပျံသောခရေ ရနံ့ကို သယ်ဆောင်လာသည့် လေပြေညှင်းတို့ ပေါင်းစပ်မိသောအခါ ခရေပင်တန်းရဲ့ဆည်းဆာ အဓိပ္ပါယ် ရှိစွာ လှလိုက်တာ။


အဖြူထည် သူငယ်ချင်းဘ၀ရဲ့ပျော်ရွှင်ဖွယ် နေ့တနေ့ကို ကုန်လွန်ဖြတ်သန်းရင်း အိမ်ပြန်လမ်းခွဲဖို့ တဦးကိုတဦး လက်ပြနှုတ်ဆက်ရလေပြီ။
ရင်ထဲဟာသွားသည်။ ကျင်ခနဲ ကျင်ခနဲ ဖြစ်နေသည်ကိုခံစားရင်း...
ဆန့်ကျင်ဘက်အရပ်ဆီသို့ ဦးတည်သွားနေသော ကျောပြင်နှစ်ခုကို မကြည့်မိအောင် အားတင်းလျှေက်နေမိသည်။ ထိန်းထားသည့်ကြားက ဝေ့လာသော မျက်ရည်များကြောင့် ဦးတည်ဘက်ကေ၀၀ါးဆဲ...
ကဲ... ကံကြမ္မာရယ်၊
ရက်စက်တက်သော လောကဓံကြားက ခဏတာ ရရှိလာသည့် ပျော်ရွင်မှုကလေးများကို သုခ ဟုခေါ်ဆိုပါလျှင်
သြော် မနက်ဖြန်နေထွက်ဖို့တော့ ညမအိပ်ခင် ကြိတ်ဆုတောင်း ရအုံးမည်။


"သားငယ်လုလု ၇ နာရီ ထိုးနေပြီလေ"
ကျနော် အိပ်ရာထ နောက်ကျ သွား၏၊ နိုးနိုးချင်း အပြေးအလွား ကျောင်းသို့ထွက်ခဲ့သည်။
"မင်းလု ရော့ မနေ့က မင်းတို့ဝယ်လို့မရခဲ့တဲ့နှင်းဆီဖြူတွေ၊... စပွဲခင်းတွေကိုလဲ နို့နှစ်ရောင်ဖျော့ဖျော့ကလေးတွေ နဲ့ ခန်းမ တစ်ခုလုံး ၀မ်းကာလာဖြစ်အောင် ငါအပီရှိုင်းထားတယ်။ ပန်းတွေကိုတော့ မင်းကြည့်လုပ်လိုက်တော့။ ငါအိမ်ပြန်ရေချိုးလိုက်အုံးမယ်။ ငါနောက်ကျနေရင် မင်းဆရာမကို ကြည့်ပြောထားလိုက်ပါ၊ မှီအောင်တော့ငါလာခဲ့မယ်။"
သူပြောချင်တာမှာချင်တာတွေ တလစပ် ပြောပြီး ပန်းစည်းများနှင့် ကျနော့်ကိုထားကာ ကသုတ်ကယက် ထွက်သွားသော ငြိမ်သက်။ ဖွင့်ပြောရန် မမှီလိုက်သော ကျေးဇူးတင်စကားတစ်ခွန်း ရင်တွင်ပဲ့တင်ထပ် သွားသည်ကို ပန်းအိုးများပြင်ရင်း ခံစားမိလိုက်၏။


"ကျေးဇူးပဲမင်းလုရယ်
ငါမနေ့ကလိုချင်တဲ့ နှင်းဆီအဖြူတွေတင်မကဘူး၊ ခန်းမတစ်ခုလုံးကို နို့နှစ်ရောင်ဖျော့ဖျော့ စားပွဲခင်းတွေနဲ့ အလှဆင်ထားတဲ့ နင့် အိုက်ဒီယာက အရမ်း ဂွတ်တယ်ဟာ။"
"ပေး ..ပေး..ပန်းတွေ... ငါတို့မိန်းခလေးတွေဆက်လုပ်လိုက်မယ်။ နင်နားလိုက်တော့။"
ခရီးရောက်မဆိုက် ကျေးဇူးတင်စကားဆိုရင်း ပန်းအိုးများယူကာ ဆက်လဲနေသည့် ကွန်းခို၏ မြန်မာဆန်ဆန် အလှများထဲတွင် ကျနော်ခဏတာ ပျော်ဝင်သွားမိ၏။
ကွန်းခိုရယ် မပြည့်စုံသေးတဲ့ နေရောင်အောက်မှာတောင် နင်လက်ရာမြောက်စွာလှလိုက်တာ။

Comments

ဆက်မရေးတော့ဘူးလား ..
ဒီပို့စ်လေးကို Google ပေါ်မှာ အမှတ်တမဲ့လေးတွေ့လိုက်တာ စိတ်ဝင်စားလို့ဝင်ဖတ်မိတာပါ ...
“သံယောဇဉ် ခရေပင်တန်း” အပိုင်းဆက်လေးလာရင် ပြောပါနော် ..
အားပေးလျက်ပါ ...

ကြယ်လေး

Popular Posts